တိမ်တွေက ကျွန်မပါးပြင်ကို ထိတွေ့နေတယ်။

အမြင်အာရုံထဲမှာ ကောင်းကင်ပြာပြာကြီးကို တွေ့နေရတယ်။သိပ်လှနေတဲ့ ကောင်းကင်ကြီးဟာ ကျွန်မအိမ်မက်တွေထဲကအတိုင်း လှပစွာစီးကြိုနေတယ်။

အပြုံး ………………..

ဟုတ်တယ်။ကျွန်မပြုံးလိုက်ချင်တယ် ။ သူသိပ်သဘောကျတယ်လို့ ပြောဖူးတယ်။

ကျွန်မပြုံးရင် သိပ်လှတယ်လို့ ပြောခဲ့ဖူးတယ်။

မျက်ရည် ………………..

မျက်ဝန်းထဲက ပုနွေးစွာစီးကျလာတာ မျက်ရည်တွေလား?

ဟင့်အင် မငိုဘူး။ကျွန်မ မငိုချင်ဘူး။သူသဘောမကျဘူး။သူ စိတ်မကောင်းဖြစ်နေမလား မသေချာပေမယ့် ကျွန်မမျက်ရည်ကို သူသဘောမကျဘူးတဲ့။

တံခါးပေါက်တွေ ………………..

ဟုတ်တယ်။ ဒီတံခါးပေါက်ကို ကျော်လိုက်ရင် ကျွန်မလိုချင်တဲ့နေရာကို ရောက်သွားမယ်။ ကျွန်မ လိုချင်တဲ့အရာကို အရယူမယ်လေ။ တစ်ချက်လောက် ဟုတ်တယ် တစ်ခါလောက်လေ သူ့မျက်နှာကို တွေ့ချင်သေးတယ်။ ခြေထောက်တွေက ဦးနှောက်အမိန့်ကို နာခံချိန်မှာ နှလုံးသားကတော့ နာကျင်စွာနဲ့ ညည်းငြူ နေလေရဲ့။

ကျွန်မ ကျောပြင်ကို သူ ကြည့်မနေလောက်ပါဘူးနော်။ သူ့နှလုံးသားထဲမှာ နေရာမရှိခဲ့တဲ့ ကျွန်မထွက်ခွာသွားတာ သူ ၀မ်းနည်းမနေလောက်ပါဘူး နော်။ သူ စိတ်မပျော်တဲ့ချိန် ဘယ်သူများ အဖော်လုပ်ပေးပါ့မလဲ………

သူ အလုပ်ပင်ပန်းလို့ စိတ်ရှုပ်နေရင် ဘယ်သူများ စိတ်ပြေအောင် အဖော်လုပ်ပေးပါ့မလဲ……

သူ ချစ်တဲ့သူက စိတ်ညစ်စေခဲ့ရင် ဘယ်သူများ သူ့မျက်ရည်ကို ကူသုတ်ပေးပါ့မလဲ………

သူ ပြောသမျှကို ဘယ်သူများ နားလည်အောင်ကြိုးစားလို့ သူနားမှာအဖ်ာလုပ်မယ့်သူ ရှိပါ့မလား…………

တကယ်ဆိုရင် ………….

မေ့ပျောက်ခြင်းဟာ အနုပညာတစ်ရပ်လို့

ငါ ခံယူမိရင်။

နူးညံ့သိမ်မွေ့တယ်

ဆွတ်ပျံ့ကြည်နူးတယ်

နာကျင်နေရင်း

မွတ်သိပ်စွာ သတိရတယ်။

နာကြည်းနေရင်း

ဒူးထောက်ချင်လောက်အောင် အင်အားပြင်းတယ်။

အလွမ်းဆိုတဲ့ ဒီခံတပ်ကို

ငါ ကျော်သွားနိုင်ပါ့မလား?

Advertisement